Thursday, 16 June 2011

Re: [Freedom Burma] မိန်းမသားတစ်ဦးရဲ့ ပုခက်လွှဲတဲ့ မိခင်လက်တွေက...

အဘွားရေသားတို့ အကြွးတွေများနေပြီအဘွားနဲ့ အဘိုးအပေါ်သားတို့ ကြိုးစားနေပါတယ်ဒါပေမယ့်သားတို့ အဘွားတို့ အဘိုးတို့ လောက်မတော်တဲ့အတွက်ခွှင့်လွှတ်ပါနော်
Myint Aung 16 June 16:09
အဘွားရေသားတို့ အကြွးတွေများနေပြီအဘွားနဲ့ အဘိုးအပေါ်သားတို့ ကြိုးစားနေပါတယ်ဒါပေမယ့်သားတို့ အဘွားတို့ အဘိုးတို့ လောက်မတော်တဲ့အတွက်ခွှင့်လွှတ်ပါနော်
Original post
Sophia Sofia Chan
Sophia Sofia Chan16 June 16:04
မိန်းမသားတစ်ဦးရဲ့ ပုခက်လွှဲတဲ့ မိခင်လက်တွေက လက်ထိပ်ထဲသာရောက်ခဲ့ရပါတယ်။ လူမမယ်သားသမီးလေးယောက်ကို ချစ်ခဲ့တဲ့ မိခင်ချစ်ခြင်းကို ယုံကြည်ချက်တွေနဲ့ အဘွားဒေါ်ကြည်ကြည်လဲခဲ့ပါတယ်။...

ခင်ပွန်းကို ပါရမီဖြည့်ပြီး ကိုယ်တိုင်လည်း တော်လှန်ရေးသမားအဖြစ်နဲ့ နောက်ဆုံးထွက်သက်အထိ စစ်အာဏာရှင်ကို ဆန့်ကျင်သွားတဲ့ ဒေါ်ကြည်ကြည်က အကျဉ်းထောင်ထဲက နိုင်ငံရေးသမားတွေကို နေခြင်းသည် တိုက်ခြင်းပဲလို့ အားပေးခဲ့ပါတယ်။
 
ဒေါ်ကြည်ကြည်
 
လေးစားရတဲ့ သောတရှင်များရှင်
 
အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ တိုက်ပွဲဝင်ခဲ့သူတွေ မြန်မာသမိုင်းမှာ ဒု နဲ့ ဒေး ပါ။ အမျိုးသားရေးအတု၊ ငြိမ်းချမ်းရေးအတု၊ ဒီမိုကရေစီရေးအတုတွေနဲ့ ပြည်သူလူထုကို လှည့်ဖြားပြီး တရားခံက တရားသူကြီးဖြစ်နေတဲ့ အုပ်စိုးသူတွေကလည်း မြန်မာ့သမိုင်းမှာ အခုအချိန်အထိ ရှိနေပါတယ်။ အဲဒီ အတုအယောင်တွေကို ဖြိုဖျက်ပြီး အစစ်အမှန်တွေကို တည်ဆောက်ဖို့ မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေး အရှိန်ကလည်း ဒီနေ့ဒီအချိန်အထိ ရပ်တန့်ခြင်းမရှိပါဘူး။ မြန်မာပြည်ရဲ့ အနာဂတ်ဟာ သူတို့ပဲ။ မြန်မာပြည်ရဲ့ ရာဇ၀င်ကို သူတို့ရေးမှာပဲလို့ သိမှတ်ယုံကြည်ထားပါတယ်။
 
ခင်ပွန်းကို ပါရမီဖြည့်ပြီး ကိုယ်တိုင်လည်း တော်လှန်ရေးသမားအဖြစ်နဲ့ နောက်ဆုံးထွက်သက်အထိ စစ်အာဏာရှင်တွေကို ဆန့်ကျင်သွားတဲ့ အဘွားဒေါ်ကြည်ကြည်ရဲ့ ဘ၀ပုံရိပ်အကြောင်း ကျမပြောချင်ပါတယ်။ ဘွားကြည်လို့ ကျမတို့ ခေါ်ကြတဲ့ ဒေါ်ကြည်ကြည်ထောင်က လွတ်လာတဲ့အချိန်မှာ အသက် ၈၀ ကျော်ပါပြီ ဘွားကြည်လွတ်လာပြီဆိုတော့ ကျမတို့ ကျမတို့ အဘွားကို နှူတ်ဆက်ဖို့ ကျောက်မြောင်းအိမ် ရောက်သွားပါတယ်။ ဆံပင်တွေ ဖွေးဖွေးလှူပ်နေတဲ့ အဘွားက အသံမာတုန်း။ မျက်လုံးတွေ စူးရှပြီး ရင့်ကျက်တည်ငြိမ်နေတယ်။ အဘွားက သိပ်ကို ကျက်သရေရှိပါတယ်။ ဒီအသက်အရွယ်နဲ့ အကျဉ်းထောင်ထဲမှာ ကျန်းကျန်းမာမာနဲ့ ရပ်တည်နိုင်ခဲ့တာကို အံ့သြလို့မဆုံး ဂုဏ်ယူလို့မဆုံးပါဘူး။ အဘွားကို တွေ့တွေ့ချင်း အဘွားရယ် ဒီအသက်အရွယ်နဲ့ ထောင်ထဲမှာ ဘယ်လိုကျန်းမာအောင်နေသလဲဆိုတော့ အဘွားက အသံမာမာနဲ့ ထောင်ထဲမှာ သူတို့က သေအောင်ထားတာ။ ငါတို့က အသေအောင်နေရမယ်။ နေခြင်းသည် တိုက်ချင်းပဲ တဲ့။ ဒီစကားကို ထောင်ဝင်စာ ၁၀နှစ်တွေ့ခဲ့တဲ့ ကျမ အားလုံးကို လက်ဆင့်ကမ်းခဲ့ပါတယ်။
 
အဘွားအိပ်တဲ့ ကုတင်ဘေးမှာ ဘီရိုတစ်လုံးရှိတယ်။ ထောင်ဝင်စာသွားတွေ့မယ့်သူမှန်သမျှ ဒီဘီရိုထဲကနေ စားစရာတွေ ထုတ်ပေးတတ်ပါတယ်။ အဘွားကြောင်းကို သိချင်လို့လာမေးတဲ့ အင်တာဗျူးမှန်သမျှ အဘွားက သူ့ရဲ့ပေးဆပ်မှူတွေက ဘာမှမဟုတ်ပါဘူး။ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ စွန့်လွှတ်မှူတွေကမှ တကယ့်သူရဲကောင်းတွေပါလို့ပြောပါတယ်။ အဘွားက တကယ်လည်း သူ့ရဲဘော်တွေကို လေးစားတန်ဖိုးထားချစ်ခင်သူပါ။ ဆင်းရဲချမ်းသာကို မကြည့်ပဲ စွန့်လွှတ်မှူ၊ ယုံကြည်မှူ တန်ဖိုးကိုပဲ အဘွားက ကြည့်ပါတယ်။ ရဲဘော်တွေ သေဆုံးသွားပေမယ့်လည်း သူတို့ရဲ့ သားသမီး မြေးမြစ်တွေအထိ အဘွားစောင့်ရှောက်ကူညီပါတယ်။ အဘွားရဲ့ ရိုးမအတွေ့အကြုံတွေကလည်း လွမ်းမောနာကျင်ကြေကွဲစရာ။ မြရာပင်ကြောက အဘွားရဲ့ နုပျိုမှူ၊ ယုံကြည်ချက်၊ ဇနီးကောင်း၊ မိခင်ကောင်း၊ တော်လှန်ရေးရဲဘော်မ အဖြစ် ဖြတ်သန်းခဲ့စဉ်က အတွေ့အကြုံတွေကလည်း သမိုင်းဖြတ်သန်းမှူတွေပါပဲ။ ကိုဇင်လို့ အဘွားခေါ်တတ်တဲ့ ခင်ပွန်းသည် သခင်ဇင်ကိုတော့ အဘွားအတော်လေးစားမြတ်နိုးတယ်ဆိုတာ အဘွားရဲ့ ဖြတ်သန်းမှူတွေက သက်သေပြခဲ့ပါတယ်။ အိပ်ဧည့်ခန်းမှာ သခင်ဇင့်ပန်းချီကားကို ချိတ်ထားပါတယ်။ အကျီင်္လည်ပင်းမှာ ကြယ်သီးမရှိတဲ့ အတွက် တွယ်ချိတ်နဲ့ ချိတ်ထားတဲ့ သခင်ဇင့် ပန်းချီကားက ၀င့်ဝင့်ကြွားကြွားနဲ့ ရဲရဲတောက်နေပါတယ်။ အဘွားက သူချစ်တဲ့ ကိုဇင်အကြောင်း တမ်းတမ်းတတ ပြောတတ်ပါတယ်။
 
အဘွားရဲ့ သမီးအငယ်ဆုံး ဒေါ်လေးမဟားကို အဘွားတိုက်ဖွိုက်ဖြစ်ရင်း မွေးခဲ့တာတဲ့။ မွေးခါနီး သခင်ဇင်က ပျဉ်းမနား တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကို သွားရမယ့်အချိန် အဘွားကနေမကောင်ပဲ မီးဖွားကာနီးမို့ ရဲဘော်တွေက မသွားပဲနေပါလား ဥက္ကဠကြီး လို့ဆိုကြတယ်။ ဒီတော့ သခင်ဇင်က ကျနော်ရှိတော့ ရောမွေးပေးတတ်တာမှ မဟုတ်တာ။ ဟိုမှာက ကျနော့်ကို စောင့်နေမယ့်လူထုကြီးကို အားနာတယ်တဲ့။ အဲဒီစကားကို နားထောင်ရင်းနဲ့ ကျမတို့က အဘွားကို တို့ကြတယ်။ အဘွားက အဘကို စိတ်မဆိုးဘူးလားဆိုတော့ အဘွားက မဆိုးပါဘူး၊ သူပြောတာမှန်သားပဲတဲ့။ တော်လှန်ရေးခေါင်းဆောင်ဆိုပေမယ့် အခွင့်အရေးမယူဘဲ ရဲဘော်တွေနဲ့ တသားတည်းနေတဲ့ အကြောင်းလည်း အဘွားကပြောပြတယ်။ အဘွားက ပျဉ်းမနားတက်ပြီး ရဲဘော်တွေအားလုံးအတွက် ရိက္ခာဝယ်ရတော့ အပြန်ဆို ရာသီစာ စားကောင်းတာလေးတွေ ပေးကြတယ်။ တောထဲမှာ ဆိုတော့ စားစရာက ရှားတယ်မို့လား။ အဘွားက ပေးလိုက်တဲ့လက်ဆောင်လေး သူစားပါစေလို့ ကျွေးပေမယ့် သူမစားဘူး။ ရဲဘော်တွေ အားလုံးမစားရလို့တဲ့။ ဇီးသီးပေါ်ချိန်ဆို တောထဲမှာ ဇီးသီးတွေ ကောက်ပြီးနေလှမ်းထားတယ်။ နွေကျတော့ အဲ့ဒီ ဇီးသီးကိုထောင်းပြီး သကြားနဲ့ ဇီးဖျော်ရေလုပ်တယ်။ ဇီးဖျော်ရေကို ၀ါးကျည်ထောက်ထဲထည့်ပြီး စမ်းချောင်းထဲရေစိမ်ထားရင် ရေခဲသေတ္တာထဲက ထုတ်သောက်ရသလိုပဲ။ အဲ့ဒီလိုလုပ်ပြီး ကိုဇင်ကို လုပ်ကျွေး မစားဘူး အဘွားက ခင်ပွန်းသည်ကို ဇနီးသည်ပီပီ ပြုစုချင်ပေမယ့် ဘ၀က ခွင့်မပြုခဲ့ဘူး
 
တော်လှန်စစ်ထဲမှာ အဘွားတို့ဘ၀က ကြမ်းတမ်းခဲ့ပါတယ်။ ငှက်ပျော်အူ၊ ၀ါးမျှစ်စားပြီး တိုက်ပွဲဝင်ခဲ့ရတယ်။ ငှက်ဖျားဒဏ်ကို အလူးအလဲခံခဲ့ရတယ်။ ရိုးမတောကြီးထဲ သားသမီးလေးယောက်နဲ့ ပြေးခဲ့ရတာကို ပြောပြတော့ နားထောင်နေတဲ့ ကျမတို့ပါ တထိတ်ထိတ်နဲ့မောလာတယ်။ အဘွားက ထိုးစစ်တွေလာလို့ပြေးရရင် ခြင်ထောင်ကြီးတော့ ပါအောင်သယ်တယ် မြေကြီးပေါ်မှာ အိပ်ပြီး တောထဲမှာ ဖွက်ထားတယ် ရိက္ခာတွေ စားရတယ်။ အဘွားတို့ကို လမ်းပြပေးခဲ့တဲ့ ကရင်အမျိုးသားတစ်ယောက်ကို စစ်တပ်ကမိသွားတော့ အဘွားတို့ သားအမိတွေ ဘယ်မှာလဲလို့မေးတယ်။ ဘယ်လိုမှ မေးမရတော့ ကရင်အမျိုးသားကို ဘက်နက်နဲ့ ထိုးသတ်လိုက်တယ်။ မိသားစုရှေ့မှာ အသတ်ခံရတာ။ သူရဲ့ မိန်းမကိုတွေ့လား၊ သခင်ဇင် နဲ့ သူ့မိန်းမကြောင့် နင့်ယောက်ျား အသတ်ခံရတာ၊ နင် သခင်ဇင်တို့ ကို စိတ်မနာဘူးလားလို့ စစ်တပ်ကခြိမ်းခြောက်လိုက်တယ်။ ဒီတော့ ငါ့ယောက်ျားကို သခင်ဇင်သတ်တာမှ မဟုတ်ပဲ၊ နင်တို့ သတ်တာလို့ ရဲရဲ ၀ံ့ဝံ့ ပြန်ဖြေတယ်တဲ့။
 
အဖွားတို့ တောထဲမှာ တပတ်တိတိပုန်းနေနိုင်ခဲ့တယ်။ ပြေးရင်းလွှားရင် အဘွားခေါင်းက ကျကျန်ခဲ့တဲ့ လိပ်ခွံဘီးလေးကို စစ်ခွေးတွေကို အနဲ့ခံခိုင်းပြီး ရှာခဲ့တယ်။ လျှိုထဲမှာ ပုန်းနေတဲ့ အဖွားတို့ သားအမိကို တောင်ကုန်းပေါ်ကနေ စစ်ခွေးက ထိုးဟောင်တော့ အဖွားသားကြီးက လန့်အော်လို့ မိသွားတယ်တဲ့။ အဖွားတို့ သားအမိ ငါးယောက်လုံးကို ရန်ကုန်မြို့အထိ ရဟတ်ယာဉ်နဲ့ခေါ်ခဲ့တယ်။ ကလေးလေးယောက်နဲ့ အဖွားကို ရန်ကုန်မြို့ ရဲစခန်းတခုမှာထားပြီး စစ်ကြောရေးဝင်ခဲ့ပါတယ်။ အဖွားကို စစ်ကြောရေးဝင်နေတဲ့အချိန်မှာ ကလေးတွေက ထမင်းစာလို့ ငိုကြတယ်တဲ့။ အဖွားနဲ့ကလေးတွေကို ရဲမိန်းမတွေကကြည့်ပြီး သနားလာကြတယ်။ ဒီတော့ ရဲမိန်းမတွေက သူတို့ ယောက်ျားတွေ မသိအောင် ထမင်းခိုးကျွေးတယ်။ မုန့်တွေခိုးပေးတယ်။ အဲ့ဒီအဖြစ်ကို အဖွားခုချိန်ထိမမေ့ဘူး။ ကျေးဇူးလည်းတင်တယ်။ လူဆိုတာ အသည်းနှလုံးရှိတဲ့လူ။ ကိုယ့်ရှေ့မှာ မတရားလုပ်ရင် မခံချင်ဘူး။ ဒါကြောင့် ပြည်သူလူထုနဲ့ တသားတည်းဖြစ်အောင်နေကြ။ ပြည်သူလူထုကမှာ ကိုယ့်ကို အကာအကွယ်ပေးတာလို့ ဒေါ်ကြည်ကြည်က သူ့ဘ၀နဲ့ရေးတဲ့ယုံကြည့်ချက်တေးကို အနာဂတ်ရှည်သူများအတွက် လက်ဆင့်ကမ်းခဲ့ပါတယ်။
 
သောတရှင်များရှင်
 
မိန်းမသားတစ်ဦးရဲ့ ပုခက်လွှဲတဲ့ မိခင်လက်တွေက လက်ထိပ်ထဲသာရောက်ခဲ့ရပါတယ်။ လူမမယ်သားသမီးလေးယောက်ကို ချစ်ခဲ့တဲ့ မိခင်ချစ်ခြင်းကို ယုံကြည်ချက်တွေနဲ့ အဘွားဒေါ်ကြည်ကြည်လဲခဲ့ပါတယ်။
 
အဘွားရဲ့ မိဘတွေက အချုပ်ခန်းထဲက သူတို့မြေးလေးယောက်ကိုလာခေါ်သွား ရပါတယ်။ သားသမီးလေးယောက်ထဲက အငိုအသန်ဆုံးနဲ့ နောက်ဆုံးမှ အချုပ်ခန်းထဲက အဘိုးအဘွားနောက်လိုက်သွားတာ မဒုံပဲလို့ အဘွားကပြောပါတယ်။ သခင်ဇင်ကျဆုံးသွားတဲ့နေ့မှာ အာဏာပိုင်က ထောင်ထဲမှာ သတင်းစာစောကြီးလာပေးပြီး ဖတ်ခိုင်းတယ်တဲ့။ သခင်ဇင့် ရက်လည်ဘယ်တော့လုပ်မလဲလို့စောင့်ကြည့်ကြတယ်။ အဘွားရင်ထဲမှာ သခင်ဇင်မသေတဲ့အတွက် ရက်လည်စွမ်းမလုပ်ခဲ့ဘူးလို့ အဘွားက နာနာကျင်ကျင်ပြောခဲ့ပါတယ်။ ဒေါ်လေးမဟားက သူ့ဖေသခင်ဇင်ကို ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တခါပဲမြင်ဘူးတယ်တဲ့။ အဲ့ဒီတုန်းက ဒေါ်လေးက ကျောင်းကို ပြန်လာတာ။ အဖေက မျက်နှာသုတ်ပ၀ါကြီးခေါင်းပေါင်းထားတယ် တိုက်ပုံအကျီင်္နဲ့။ အမေက အဖေ့ကို လက်သည်းညှပ်ပေးနေတာ။ ဒေါ်လေးအနေနဲ့ အမေနဲ့ ဒီလူကြီး ရင်းရင်းနှီးနှီးနေတယ်ပေါ့။ နောက်မှ အဖေမှန်းသိတာ။ အဖေ့ကို အဲ့ဒီတစ်ခါပဲတွေ့ဖူးလိုက်တယ်။ နောက်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်လို့ တောထဲကို ပြန်သွားရတယ်။ တော်လှန်ရေးအတွက်မိဘနဲ့ သားသမီး ချစ်ခြင်းမေတ္တာတွေလည်း စတေးခဲ့ရတယ်လို့ပြောပါတယ်။
 
၁၉၈၉ မှာ အဘွားအဖမ်းခံရပြီး ၂၀၀၀ ခုနှစ်မှာ အဘွားထောင်ကပြန်လွတ်လာတယ်။ ထောင်ထဲကိုရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အဖွားကူညီတယ်။ စောင့်ရှောက်တယ်။ စစ်အာဏာရှင် စနစ်တော်လှန်သူ ဘယ်သူ့ကို မဆိုအဖွားလေးစားတယ်တဲ့။ အကျဉ်းထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတချို့က ဒေါ်ကြည်ကြည်ကို မမြင်ဘူးခဲ့ကြပေမယ့် ထောင်ဝါဒါမတွေပြောပြလို့ ဒေါ်ကြည်ကြည်အကြောင်းကို သိခဲ့ကြပါတယ်။ ဒါ့ကြောင့်အပြင်မှာ တွေ့ချင်လို့ ကျမကို လိုက်ပို့ပေးပါလို့ပြောပါတယ်။ ထောင်ဝါဒမတွေက နင်တို့ သိပ်တက်ကြွမနေနဲ့။ နင်တို့နိုင်ငံရေး စိတ်ပျင်းထန်တယ်ဆိုတာ ဒေါ်ကြည်ကြည်အိပ်နေသလောက်ပဲ ရှိတယ်တဲ့။ အဘွားကို ထောင်ထဲမှာ ထောက်လှမ်းရေးက ညဘက်တွေဆို မေးစရာရှိလို့လိုက်ခဲ့ပါဆိုပြီး အိပ်နေတာကို နှိုးခေါ်တယ်။ သားအရွယ်လောက်ရှိတဲ့ ထောက်လှမ်းရေးက ပမာမခန့်နဲ့ အဘွားကြီး ဒီအသက်အရွယ်ရောက်နေပြီ နိဗ္ဒာန်နဲ့ ငရဲကို ကွဲကွဲပြားပြားသိရဲ့လားလို့ စော်စော်ကားကားမေးပါတယ်။ ငါသိတဲ့ နိဗ္ဒာန်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းပဲ။ ငရဲဆိုတာကတော့ အိပ်ကောင်းတဲ့အချိန်မှာ အနှိုးခံရပြီး အမေးခံရတာပဲဆိုတော့ ထောက်လှမ်းရေးက စိတ်ဆိုးသွားတယ်။ အဘွားကြီး ကျုပ်ကို ငရဲသားလို့ပြောတာလားတဲ့။ အဲဒီအကြောင်းပြောပြီး အဘွား ဟက်ဟက်ပက်ပကို ရယ်ပါတယ်။
 
အဘွားထောင်က လွတ်လာပြီး ညောင်လေးပင် ဆရာတော်ကြီးကို သွားကန်တော့ပါတယ်။ ဆရာကြီးက အဘွားကို မြင်ပြီး ၀မ်းသာအားရမိန့်တယ်။ ဒကာမကြီးကို ထောင်ထဲက ကျောနဲ့ ထွက်ရပြီ အောက်မေ့တာ။ ကျောနဲ့ မထွက်ရပဲ ခြေထောက်နဲ့ ထွက်လာနိုင်တာ ဘုန်းကြီးဝမ်းသာတယ်တဲ့။
 
၂၀၁၀ ဇွန်လဆန်းမှာ အဘွား ဆေးရုံတက်ရပါတယ်။ မှတ်မှတ်ရရ အဲ့ဒီအချိန်မှာ ၀မ်းတွင်းမြို့ရေကြီးနေချိန်။ ကလေးမြို့ကို ထောင်ဝင်စာတွေ့ပြီး ကျမတို့ သားအမိ ၀မ်းတွင်းရေကြီးလို့ ရထားလက်မှတ် မှောင်ခိုဝယ်ထားတဲ့ ပိုက်ဆံ ဆုံးပါရော။ ကားလက်မှတ် ထပ်ဖြတ်ပြီး ပြန်ခဲ့ရတယ်။ လမ်းမှာ စားစရိတ်မရှိလို့ ဘေးထိုင်ခုံက အမျိုးသမီးက ကျမတို့ သားအမိကို ပဲခူးမှာ ထမင်းဝယ်ကြွေးပါတယ်။ အဲဒီအကြောင်းကို အဘွားပြန်ပြောမိတယ်။ အဘွားက ဗဟိုဆေးရုံပေါ်မှာ။ ကျမကို သမီး သူ့လိပ်စာသိလား။ ရော့ မုန့်ယူသွားပြီး ကျေးဇူးတင်စကားပြော။ ကျေးဇူးတရားဆိုတာ သစ်ပင်ရိပ်ခိုဖူးရင်တောင် သစ်ပင်ရဲ့ကျေးဇူးသိရတယ်လို့ပြောပါတယ်။ အဘွားကို အဲ့ဒီနေ့က နောက်ဆုံး စကားပြောခွင့် ရခဲ့တာပါ။ မနက်ဖြန် အဘွားဆေးရုံကဆင်းရမှာ။ နောက်မှ အိမ်လာခဲ့လို့ အဘွားမှာလိုက်တယ်။
 
ဆေးရုံဆင်းမယ့်နေ့မှာ အဘွား နှစ်လုံးရောဂါဖောက်လို့ ဆေးရုံကြီး အသည်းအသန်လူနာခန်းကို ပြောင်းရွှေ့တင်လိုက်ရပါတယ်။ အာဏာပိုင်တွေက အဘွားရဲ့ နောက်ဆုံးအခြေနေကို သတင်းလာယူတာ ဘောလုံးပွဲကြေငြာနေသလိုပါပဲ။ အဘွားရဲ့ နှလုံးခုန်နှူံး၊ သွေးခုန်နှူံးတွေကို စက်ပေါ်က ဂရမ်မျဉ်းကို ကြည့်ပြီး လူကြီးတွေကို သတင်းပို့နေပါတယ်။ အဘွားဆုံးမယ့်နေ့မှာ သူတို့ခေါင်းဆောင်ကြီးများက အဘွားကို လေးစားလို့ သစ်သီးချင်းတွေပို့လိုက်ပါတယ်။ လိုအပ်တဲ့ ဆေးဝါးများ အကူအညီများလိုရင်ပြောပါ။ သူတို့ဆောင်ရွက်ပေးပါ့မယ်တဲ့။ အဘွားသမီး ဒေါ်လေးမဒုံက အမေမှာထားတယ်။ ရှင်တို့အကူအညီမယူရဘူးတဲ့လို့ ပြတ်ပြတ်သားသား ငြင်းလွှတ်လိုက်ပါတယ်။
 
သားနှစ်ဦးနဲ့ ဒေါ်လေးမဟားက ခုမှ မိခင်နဲ့ အတူနေရတာ ၁ နှစ်ပဲရှိသေးတာမို့ အဘွားရဲ့ နှလုံးကို အစားထိုးပြီး အသက်ဆက်ဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် တော်လှန်ရေးတလျှောက်လုံးခံစားခဲ့ရတဲ့ ပင်ပန်းဆင်းရဲမှူ၊ စစ်ကြောရေးစခန်းတွေကို အကြိမ်ကြိမ်ဖြတ်သန်းခဲ့ရတဲ့ဒဏ်၊။ အကျဉ်းထောင်ထဲမှာ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ခဏခဏ ထောင်ကျနေရတဲ့ ထောင်တွင်း ဒဏ်ရာတွေနဲ့ ခန္ဒာကိုက ဘယ်လိုမှ လက်မခံတော့ပါဘူး။
 
အဘွားက သူ့ရဲ့ နောက်ဆုံးထွက်သက်အထိ သေမင်းကို ရဲရဲ ရင်ဆိုင်သွားပါတယ်။ ဇွန်လ ၁၅ ရက်နေ့ ဘ ၁၀ နာရီမှာ အဘွားဆုံးပါတယ်။ ဇွန်လရဲ့ မိုးရေတွေက အဘွားဒေါ်ကြည်ကြည်ကို ချစ်ခင်သူတွေ ကျခဲ့ရတဲ့ မျက်ရည်မိုးတွေပါပဲ။
 
အဘွားရဲ့ ရုပ်အလောင်းကို ဆေးရုံကြီးမှာ ထားပြီး အဘွားအိမ်ကိုပြန်ရောက်တော့ အဘွားကုတင်လေးနဲ့ ဗီရိုလေးကို ကြေကွဲစွာတွေ့လိုက်ရပါတယ်။ ဒီဗီရိုထဲကနေ စစ်အာဏာရှင်ကို တော်လှန်သူတွေအတွက် အသက်ဆက်ဖို့ အာဟာရတွေ အဘွားပေးခဲ့တာ။ အဘွားရဲ့ နောက်ဆုံးခရီးမှာ ကျမတို့ နက်နက်ရှိုင်းရှိုင်းကြေကွဲကြရပါတယ်။
 
အဘွားဓါတ်ပုံနဲ့ လက်ကမ်းစာစောင်လေးတွေ ထုတ်ကြပါတယ်။ လူထုဒေါ်အမာ ရေးပေးလိုက်တဲ့စာနဲ့ လက်ကမ်းစာစောင်ထုတ်တာပါ။ မြန်မာပြည်ပြည်တွင်းစစ် နှစ် ၆၀ တစ်လျှောက်လုံး စစ်အာဏာရှင်ကို တော်လှန်ခဲ့တဲ့ အဘွားဒေါ်ကြည်ကြည်ကို အမေလူထု ဒေါ်အမာ စကားနဲ့ ဂုဏ်ပြုလိုက်ပါရစေ။
 
ဒေါ်ကြည်ကြည်ရေ၊
သတ္တိကောင်းပြီး အသဲမာလှတဲ့ မိန်းမမို့ နှမြော်လိုက်ပါရဲ့ တဲ့၊
 
မျှဝေခံစားနိုင်ကြပါစေ။
 

 
"အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်" RFA အသံလွှင့် ဆောင်းပါးများစာအုပ်မှ ကူးယူဖြန့်ဝေသည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment